Sunday, April 12, 2009

”ဖြေသိမ့်လိုက်”






၂၀၀၇ခုနှစ် ဧပြီလမှာ M3အဖွဲ့ကတီးခတ်ဖြေဖျော်ခဲ့တဲ့ စတိတ်ရှိုးမှာ ကျနော်သီဆိုခဲ့တဲ့ ”ဝိုင်ဝိုင်း”ရဲ့ ”ဖြေသိမ့်လိုက်”ဆိုတဲ့ သီချင်းလေးကို ညီအကိုမောင်နှမတွေအတွက် သင်္ကြန်လက်ဆောင်အဖြစ် တင်ပေးလိုက်တာဖြစ်ပါတယ်။



ချစ်ခြင်းများစွာဖြင့်...



ဆောင်းယွန်းလ

Friday, March 20, 2009

”ကမ္ဘာ့ကဗျာနေ့ အမှတ်တရ”
ကမ္ဘာ့ကဗျာနေ့ အမှတ်တရ နှစ်သက်မိနေတဲ့ ကဗျာလေးတွေကို အမှတ်တရဖြစ်စေချင်လို့
ကျနော့်ရဲ့ ”အဆုံးမဲ့ချစ်ခြင်း”ဆိုတဲ့ ဒီဘလော့လေးပေါ်မှာ ကျနော်နှစ်သက်မိတဲ့ ကဗျာဆရာ

တချို့ရဲ့ ကဗျာတချို့ကို တင်ပေးထားတာပါ။ တပုဒ်က အကိုကြီးတစ်ယောက်လို ခင်မင်ခဲ့ရတဲ့
ကဗျာဆရာကိုအောင်ပွင့်ရဲ့ ကဗျာပါ.…

”မိုးမခအလွမ်း“

ပညာတတ်ကြိမ်လုံးနဲ့
တဘုံးဘုံး ထုနှက်ရကောင်းလား
ကဗျာဘက်က မားမားရပ်ခဲ့သူ…

သိုးတွေကဗျာမရေးတတ်ဘူး
စူးစူးနစ်နစ် ကြားစေခဲ့ပြီ…

အလှတရားသစ်တဲ့လေ
ဗီယက်နမ်စစ် ကာလ
ရဲရင့်ပျိုမကို
ချိုလှစွာ ထောက်ခံရေးဖွဲ့….

အာဖရိက ဗုံသံ
လှမ်းရင်ခုန်တာ
ခင်ဗျား…

အောင်ပွဲရဲ့ သရဖူ
ရယူဖို့ နောက်ဆုံးကျည်ဆံ
ငါ့ရင်ဝ မှန်ပါ
ဖူးချစ်ရဲ့ စကား
တရားလုပ်တာ
ခင်ဗျား….

မပို ဘယ်မှာလဲ
မြိတ်မပို ဘယ်မှာလဲ
ထပ်တလဲလဲ မေးသူဟာလဲ
ဘယ်သူ ဖြစ်မလဲ…..
ရဲဘော်ရဲ့ အုတ်ဂူဘေး
ကျနော်နဲ့ ကိုသင်းခိုင်
မတ်တပ်ရပ် ငေးငိုင်
ကုက္ကိုလ်ရွက်တွေ တသောသော
ကြွေနေပုံ ထူးရန်ကော….

ဂူဟောက်ပက် ပေါက်နေ
ရဲဘော်အတွက်
တမင်ရည်စူး ထည့်သွင်း
နှစ်ချို့ အရက်ဖြူတပုလင်း
စာနာမှုကင်း
ရဲဘော်ရဲ့ ရင်ခွင်တွင်းကနေ
ဘယ်သူတွေ
ဘယ်သူတွေ
ဘယ်တုန်းက ယူသွားကြပြီလဲလေ….

အအေးကျွမ်းနဲ့
လွမ်းတဲ့ မိုးမခနှစ်ပင်
အရိုးတံပြိုင်းပြိုင်း ရပ်နေချိန်
ဘယ်နှစ်မိနစ် ငြိမ်နေမိ
မသိတော့ဘူး ရဲဘော်…။ ။

ကဗျာဆရာ မောင်လေးအောင်သို့
မောင်အောင်ပွင့်

နောက်တပုဒ်ကတော့ အကိုကြီးလိုပဲ ခင်ခဲ့ရတဲ့ ကဗျာဆရာကိုတိုးဝေရဲ့ “ကောက်ရိုးတမျှင်”ပါ။

”ကောက်ရိုးတမျှင်”

ခလုတ်တိုင်းမှာ ပန်းတပွင့်စီ ပွင့်တတ်သလား
ဒီမှာ စန္ဒရား။

ဥယျာဉ်မှုးသာ မရှိရင် မင်းဟာအမြုံ…
နိစ္စဒူဝ ဖြည့်ဆည်းမှုနဲ့ ရေချမ်းစင်လေး စိမ့်မြနေခဲ့။

ပုလဲသွယ် ရင်အဖြူက သွန်းလောင်းဆွတ်ဖျန်း
သူသူငါငါ လည်တိုင်မှာ လမင်းတွေ ကိုယ်စီဆင်မြန်း
အိုအေစစ်တွေ ပြန့်ကားအောင် ဖြန့်ဖို့
စိန်မှုန် စက္ကန့်တွေ ခုချက်ချင်း ပို့လိုက်ပါ
အကြင်နာ တန်ခိုးရှင်ရေ။
တိုးဝေ

နောက်တပုဒ်ကတော့ ကြိုက်မိတဲ့ ကဗျာဆရာတွေထဲက တယောက်ဖြစ်တဲ့ ကဗျာဆရာ
အောင်ချိမ့်ရဲ့ ”ဝတ္ထုလိုလို ကဗျာ” ဆိုတဲ့ ကဗျာဖြစ်ပါတယ်။

“ဝတ္ထုလိုလို ကဗျာ”

ရေနွေးကြမ်း
ကမ်းခဲ့တယ်။

ဆေးလိပ်မီး တောင်းတုန်းကလည်း
ဆေးလိပ်မီး ပေးခဲ့တယ်။

ဗိုက်ကဆာတယ်။
လုပ်ရဦးမှာ ရှိသေးတယ်။
စိတ်မပါပဲ စကား ဆုံနေရတယ်။
ပြီးနေပြီလေ။

မပြီးသေးဘူးလား။
အောင်ချိမ့်

ကြိုက်မိနေတဲ့ လူငယ်ကဗျာဆရာတွေထဲမှာတော့ ကဗျာဆရာစိုင်းဝိုင်းမြင့်ကို မှတ်မှတ်ရရကို ကြိုက်နေမိတယ်။ သူ့ရဲ့ ”နီးနီးဝေးဝေး ပြောမလား”ဆိုတဲ့ ကဗျာကိုလည်း ခံစားကြည့်လိုက်ပါဦး။

“နီးနီးဝေးဝေး ပြောမလား”


ဟိုဟာ ဒီဟာ
ရယ်ကြစမ်းပါဟ
ဘာမှ မဖြစ်ပါဘူး
ဒိနေ့ အမေ သေတယ်
မနေ့က ဖြစ်ရင်လည်း ဖြစ်မယ်
ပြန်လာတဲ့အခါ သက်သာရာ ရတယ်
ဟာသကား အတူကြည့်ခဲ့တယ်
အိပ်ခဲ့တယ်
ကော်ဖီဖျော်သောက်ခဲ့တယ်
အိုး အဲဒါ မင်းရဲ့ အကြောင်းတွေလေ
စာအုပ်ကို သွားသွားလှန်
ကဗျာသတင်း လှမ်းလှမ်းမေး
နေရောင်ဟာ ဒီကဗျာရဲ့
အသက်သွေးကြော ဖြစ်လာတယ်
ဘာမှ ပြောစရာမရှိပါဘူး
ကမ္ဘာ့ ဘယ်နေရာမဆို ၂၄နာရီ
ရန်ကုန် တဖက်ကမ်း
အေးရွာ ဝါးတရွာ ဆိပ်ကြီး ဦးမြ ငါးဇင် ချောင်းဝိုင်းလေး
ရေရှိတဲ့ နေရာဆိုရင် အကုန်သွားလို့ရတယ်
အုန်းသီးထဲမှာရော သွားမလား။
စိုင်းဝင်းမြင့်

ကျနော်ရူးသွပ်ခဲ့ရတဲ့ ကဗျာဆရာတယောက်လည်း ရှိခဲ့ဖူးတယ်။ သူ့ရဲ့ ”နတ်ပူးနေတဲ့ကောင်ဧ
ဆိုတဲ့ ကဗျာကိုလည်း အမှတ်တရဖြစ်စေချင်လို့ တင်ပေးလိုက်ပါတယ်။

”နတ်ပူးနေတဲ့ကောင်”

လွင့်လိုက်ရတာ
မုတ်သုန် ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ!
တယ်လီဖုန်းခေါ်သံတွေ ကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ ကောင်ပါ။

မေမေရေ…..
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သားဝင်အိပ်လိုက်ချင်ရဲ့
ကောင်းကင်ကို ပြန်တည့်ရတာ
…..မောတယ် ။
တာရာမင်းဝေ

နောက်ဆုံးတပုဒ်အနေနဲ့ ကဗျာဆရာမောင်သစ်ကြည်ရဲ့ ”တုတ်ကောက်နဲ့ လမ်းလျှောက်သူများ”ဆိုတဲ့ ကဗျာလေးကို ခံစားကြည့်စေချင်ပါတယ်။

”တုတ်ကောက်နဲ့ လမ်းလျှောက်သူများ”

ခံစားဖို့
တချို့လူများဟာ
မီးရထားနဲ့ လာကြ…

ပေးဆပ်ဖို့
တချို့လူများက
တုတ်ကောက်နဲ့ ခြေလျင်လာကြ…

ခရီးသွား
အစီအစဉ် ဇယား
ပြဌာန်းပြီးသား
စိတ်မရှည်တဲ့ လူများက
မီးရထားပေါ်က
ခုန်ချ…..

သူတို့ဟာ
ခြေလျင်သွားကြသူများကို
အားမှမနာ
ဘာမှ မတတ်နိုင်ဘူးလေ….

အချိန်ထဲက နေရာ
လူက ဖွေရှာ
လူထဲက နေရာကိုတော့
အနှစ်သာရနဲ့
ဖြစ်လာတဲ့ ဘဝကလုယက်
သူ့ထက်ငါ လွန်ဆွဲ……

တယောက်တည်း လာပြီး
နှလုံးရောဂါ တုတ်ကောက်နဲ့
လာရာလမ်းကို ပြန်လျှောက်တဲ့
”ဆာခါရော့ဗ်” ရဲ့ ဘဝ
ဂေါ်ကီမြို့လေးက
သတိရစရာ မှတ်တိုင်အဖြစ်
အတိတ်နှင်းခဲ ပျော်ကျန်ရစ်ပြီ…

နှစ်တွေလည်း ဒီလိုနဲ့ သံချေးတက်သွား
စက္ကူများကို
ပိုးဟပ်စားသလိုပ
ငါ့အသက်အား ဖဲ့ဝါးနေကြ။ ။
(ဆာခါရော့ဗ်= ဆိုဗီယက်နိုင်ငံသား ၁၉၇၅ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်)
မောင်သစ်ကြည်


Saturday, March 7, 2009

”အနှုတ်တွေရဲ့အကြောင်း”
ငယ်ငယ်တုန်းက
ဒုံးပျံနဲ့ အမြင့်ကိုခင်
ကမ္ဘာကြီးကို အိမ်ဖွဲ့ချင်တဲ့ လူ…

အရွယ်ရောက်လာတော့
ပေါက်ပေါက် မြောက်မြောက်
အိမ်တလုံးပေါ်မှာ ကမ္ဘာဆောက်ချင်တဲ့ လူ..

အခုတော့
ခြေတစ်စုံစာနေရာကို ရိုးသားစွာဖွေရှာရင်း
စိတ်ရဲ့မြှားတွေကို တချောင်းချင်း ပစ်ခွင်းနေရလို့
စိတ်နဲ့ကိုယ်လည်း မကပ်ငြိ
ကမ္ဘာကြီးကသာ
ကိုယ့်အပေါ် တဖြေးဖြေးပိကျလာတော့တယ်…

ဒီလိုနဲ့
လောကကြီးရဲ့ ဖြစ်အင်တွေကို သင်ကြားနေသူရဲ့
အမှန်တရားတခုက ခေါင်းမော့်မထူနိုင်ခင်မှာ
အမှားအယွင်းရာထောင်မက
ကမ္ဘာတပတ်ပတ်ပြီး
အိမ်လည်ထွက်နေကြပေါ့..။

Saturday, January 31, 2009

အဆုံးမဲ့ချစ်ခြင်း”

ငါ့ကမ္ဘာဦးအစကတည်းက
မင်းကိုငါ ချစ်ခဲ့မိရတာပါ…

ဒီမှာ ကြည့်လိုက်
ငါ့ချစ်ခြင်းနဲ့ တိုက်ခတ်တဲ့ လေပြည်
မင်းအတွက်ဆို နူးညံ့နေခဲ့ပေါ့
ငါ့ချစ်ခြင်းနဲ့ သီတဲ့တေး
မင်းအတွက်ဆို အေးမြမွှေးနေခဲ့ပေါ့..
ငါ့ချစ်ခြင်းနဲ့ ပွင့်တဲ့ပန်း
မင်းဥယျာဉ်နန်းမှာ ထာဝရလန်းနေခဲ့ပေါ့…

ချစ်သူရေ...

မင်းအတွက် စကားတစ်ခွန်း
ငါ့နှလုံးသားပြတိုက်မှာ ထုသွန်းထားပြီးသား
အဲဒါ…အဆုံးမဲ့ချစ်ခြင်းတရားပဲပေါ့…။